ကြံခင်း အောက်တိုဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့ တိုက်နယ်ပြည်သူ့ဆေးရုံတွင် ရေဘေးသင့်ပြည်သူများအား ယနေ့နံနက်ပိုင်းမှစတင်၍ အထူးကုဆရာဝန်ကြီး၊ ဆရာဝန်များနှင့် သူနာပြုများက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အရိုးအထူးကုဆရာဝန်ကြီး ဒေါက်တာနေဝင်းဆန်းဦးဆောင်၍ ဆရာဝန်နှင့် သူနာပြု ၇ ဦး၊ မြို့နယ်ပြည်သူ့ဆေးရုံမှ ဒုမြို့နယ်ကုသရေးဦးစီးဌာနမှူး၊ သမားတော် ဒေါက်တာ ကျော်ကိုကို၊ သွားဆရာဝန်နှင့် သူနာပြုဆရာ၊ ဆရာမ ၇ ဦးတို့က ဘက်ရဲမြို့ ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်ရှိ လာရောက်ပြသသည့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်ပေးခြင်း၊ ဘက်ရဲတိုက်နယ်ဆေးရုံမှ ဝန်ထမ်းများက အမည်ရေးသွင်းခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘက်ရဲမြို့ကြက်ခြေနီသူနာပြုတပ်ဖွဲ့က သတ်မှတ်နေရာများသို့ လိုက်လံပို့ဆောင် ပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
၎င်းဆေးကုသမှုခံယူရန်လာရောက်ကြသည့် ဒေသခံပြည်သူများအား တာဝန်ရှိသူများမှ လှည့်လည်ကြည့်ရှုကာ အားပေးစကားပြောကြားခဲ့ကြသည်။ အဆိုပါ ကုသရေးအဖွဲ့သည် ဘက်ရဲမြို့တွင် အောက်တိုဘာလ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ နှစ်ရက်ကြာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးဝေလင်း (ပြန်/ဆက်)