မြို့သစ်မြို့နယ်ရှိ ပုလင်းဆည်နှင့် စွန်ဆည်ရေလှောင်တမံ ရေပိုလွှဲတို့မှ ဆက်လက် ရေကျော်ကျလျက်ရှိပြီး ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ ဆက်လက်ရေကျော်ကျခြင်းမရှိ

မြို့သစ် အောက်တိုဘာ ၅

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန် ဆည်ရေတိုင်းထွာချက်အရ ပုလင်းဆည်နှင့် စွန်ဆည်ရေလှောင်တမံရေပိုလွှဲတို့မှ ဆက်လက်ရေကျော်ကျလျက်ရှိပြီး ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ ဆက်လက်ရေကျော်ကျခြင်းမရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ပုလင်းဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၈၅ )ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၆၈၅ဒသမ၆၀) ပေရှိသည့်အတွက် ရေပိုလွှဲမှ (၀ ဒသမ ၆ပေ)၊ စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည်(၆၂၅) ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၆၂၅ ဒသမ ၅၀) ပေရှိသည့်အတွက် ရေပိုလွှဲမှ (၀ ဒသမ ၅ပေ)  ဆက်လက်ရေကျော်ကျလျက်ရှိပြီး ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၅၆၀ ဒသမ ၅၀) ပေဖြစ်ပြီး လက်ရှိရေမှတ်မှာလည်း (၅၆၀ ဒသမ ၅၀) ပေသာရှိသည့်အတွက် ရေပိုလွှဲမှဆက်လက်ရေကျော်ကျခြင်းမရှိကြောင်း၊ ပုလင်းဆည်နှင့်စွန်ဆည်ရေလှောင်တမံရေပိုလွှဲတို့မှ ရေကျော်ကျမှုရှိသော်လည်း ဆည်၏ဆက်စပ်အဆောက်အအုံများမှာ ကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိမ်စရာအခြေအနေမရှိကြောင်းနှင့် ဆည်အခြေအနေနှင့်ပတ်သက်၍သိရှိနိုင်စေရန် ဝန်ထမ်းများအား (၂၄)နာရီအလှည့်ကျ ရေကင်းတာဝန်ချထားကာ ဆည်အောက်ပိုင်းရှိကျေးရွာနေ ပြည်သူများဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အချိန်နှင့်တစ်ပြေးညီအသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံက သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)