ပြည် အောက်တိုဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းဆောင်ရွက်လျက်ရှိသော မှော်ဇာကျေးရွာအုပ်စု၊ တောင်လုံးညိုကျေးရွာ၌ ယနေ့မွန်းလွဲ ၁ နာရီက ဌာနဆိုင်ရာများပူးပေါင်း၍ ကျေးရွာဘက်စုံဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်းက ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးနေမှုအကြောင်းကိုလည်းကောင်း၊ ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက ကျေးရွာစာကြည့်တိုက်များ ဆောင်ရွက်ပေးနေမှုနှင့် ကျေးရွာလူငယ်လူရွယ်များ စာပေဖတ်ရှုရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းကိုလည်းကောင်း၊ ပြည်ခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လိုက်နာဆောင်ရွက်သင့်သည့်အကြောင်းကိုလည်းကောင်း၊ ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ အမျိုးသမီးများအကြမ်းဖက်မခံရရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာအကြောင်းကိုလည်းကောင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်ဖွံ့ဖြိုးရေး အခြေခံအဆောက်အအုံဆောင်ရွက်နေစဉ် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးအကြောင်းများကိုလည်းကောင်း သက်ဆိုင်ရာကဏ္ဍအလိုက် အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြသည်။
ထို့နောက် ဆွေးနွေးဟောပြောပေးခဲ့သော ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများအား မှော်ဇာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ကျေဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ကျေးရွာပြည်သူ ၅၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)