အိမ်မဲမြို့နယ်တွင် ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

အိမ်မဲ အောက်တိုဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က(၂)ကျောင်း၏ ပညာ့ဗိမာန်ခန်းမတွင် ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် ကျင်းပသည်။

အခမ်းအနားတွင် မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစန်းဌေးက အဖွင့်အမှာစကားပြောကြားပေးပြီး ကမ္ဘာ့ဆရာများနေ့ကျင်းပရခြင်း၏ရည်ရွယ်ချက်များအား မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ခင်ဝင်းက အကျယ်တဝင့်ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မူယာစိုးတို့က ကမ္ဘာဆရာများနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ (အထက်တန်း/အလယ်တန်း)ပြိုင်ပွဲများတွင်ဆုရရှိသောကျောင်းသား၊ ကျောင်းသူများကို ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက်အပူဇော်ခံဆရာကြီး၊ ဆရာမကြီးများအားတာဝန်ရှိသူများက ပူဇော်ကန်တော့ငွေများနှင့်စားသုံးဆီများ ပေးအပ်ခဲ့ကာ အခမ်းအနားတွင် ကျောင်းသူတစ်ဦးက မြတ်ဆရာသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)