ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပ

ရေတာရှည် အောက်တိုဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သော်ဇင်အောင်က ကမ္ဘာ့ဆရာများနေ့ဖြစ်ပေါ်လာပုံနှင့် ကလေးအလုပ်သမားပပျောက်ရေးအကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီးနောက် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများကို ပြုလုပ်ကျင်းပခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသော စာအုပ်စာစောင်ပြပွဲနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအမျိုးမျိုး နံရံကပ်စာစောင်များကိုပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှစိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)