အထက်မင်းလှ အောက်တိုဘာ ၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်စုစုခိုင်က အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းအတွက် သင်တန်းများဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီးဖြစ်၍ လုပ်ငန်းပြန်လည်လုပ်ကိုင်မည့် လုပ်ငန်းရှင်များအားလုပ်ငန်းသုံးပစ္စည်းများပေးအပ်ရခြင်းနှင့် စီမံကိန်းလုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲကျင်းပခဲ့ရာ သင်တန်းများတွင် ထူးချွန်ခဲ့သည့်သင်တန်းသား၊ သင်တန်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တပ်မတော်အကြီးစားစက်ရုံ(မလွန်)မှ ဒုတိယဗိုလ်မှူးကြီးနေမင်းထက်၊ တိုင်းဒေသကြီးအသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခဲ့သည်။ ယင်းနောက် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့် အခမ်းအနားတက်ရောက်လာသူများက သရက်ခရိုင်အသေးစား စက်မှုလုပ်ငန်းဦးစီးဌာနမှ One Region One Product(OROP)ဒေသထွက်ကုန် ပစ္စည်းများဖြစ်သည့် အဝတ်အထည်များ၊ စားသောက်ကုန်များခင်းကျင်းပြသထားမှုများအားကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)