ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစုံဧက ၈၀၀၀၀ ကျော် လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်

ပွင့်ဖြူ အောက်တိုဘာ ၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် လာမည့်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် လယ်ယာသီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်းရှိ တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်အတွက် တစ်မြို့နယ်လုံး ဆောင်းသီးနှံစုံစိုက်ဧက ၈၀၀၀၀ ကျော် လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေအပြင် မုန်းချောင်းရေနှင့် မြေအောက်ရေတို့ကို အကျိုးရှိစွာအသုံးချပြီး (နွေ၊ မိုး၊ ဆောင်း )တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင်လည်း မြို့နယ်အတွင်း လယ်ယာသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်အတွက်  ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နေကြာ၊ နှမ်း၊ ပန်းနှမ်း စိုက်ပျိုးခြင်းအပြင် ဖူးစားပြောင်း၊ ပဲမျိုးစုံသီးနှံ၊ စားဖိုဆောင်သီးနှံမျိုးစုံနှင့် အခြား အထွေထွေစားသုံးသီးနှံများကို စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ သီးနှံများ စိုက်ပျိုးရာ၌  တောင်သူများ စိုက်နည်းစနစ်မှန်ကန်ရေး၊  ဓာတ်မြေဩဇာစနစ်တကျ သုံးစွဲရေးနှင့် သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်ရေးအတွက်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သက်ဆိုင်ရာ ဆက်စပ်ဌာနများနှင့်ပူးပေါင်းပြီး စိုက်ပျိုးရေးဆိုင်ရာ တောင်သူအသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ စားနပ်ရိက္ခာဖူလုံစေရေး၊ တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရေးနှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်ပြီး တစ်မြို့နယ်လုံး ဆောင်းသီးနှံစုံ စိုက်ဧက ၈၅၆၁၂ ဧကလျာထား စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ ပွင့်ဖြူမြို့နယ်က စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်းဟာ အောင်မြင်ဖြစ်ထွန်းမှုလဲ ရှိပါတယ်။ စိုက်ပျိုးမည့် ဆောင်းသီးနှံတွေကတော့ မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း စတဲ့ ဆီထွက်သီးနှံစုံ စိုက်ဧက၂၇၉၉၂ ဧက၊ ဖူးစားပြောင်းသီးနှံ ၃၀၀၈ ဧက၊ ပဲမျိုးစုံသီးနှံတွေဖြစ်တဲ့ မတ်ပဲ၊ ပဲကြီး၊ ပဲကြား၊ စားတော်ပဲ၊ ကုလားပဲ၊ ပဲလွမ်း၊ ပဲနောက်၊ ပဲယင်း၊ ထောပတ်ပဲ၊ ပဲပုတ်နဲ့ အခြားပဲစတဲ့ ပဲမျိုးစုံသီးနှံ စိုက်ဧက ၄၁၈၀၀ ဧက၊ စားဖိုဆောင်သီးနှံစုံ စိုက်ဧက ၂၅၅၇ ဧက၊ ဟင်းသီးဟင်းရွက်သီးနှံစုံ ၁၇၄၂ ဧက၊ ကျွဲနွားတိရစ္ဆာန်အစာ ၇၉၀၈ ဧက၊ အထွေထွေစားသုံးသီးနှံ ၃၈၅ ဧက၊ အခြားအမျှင်ထွက်ပင် ၂၂၀ ဧက၊ စုစုပေါင်း ဆောင်းသီးနှံစုံစိုက်ဧက ၈၅၆၁၂ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဆောင်းသီးနှံစိုက်ပျိုးရေးနဲ့ပတ်သက်ပြီး သတ်မှတ်လျာထားဧကပြည့်မီအောင် စိုက်ပျိုးကြဖို့၊ သီးနှံအထွက်နှုန်းများ တိုးတက်အောင် စိုက်နည်းစနစ်တွေစနစ်တကျ စိုက်ပျိုးကြဖို့နဲ့ စိုက်ပျိုးရေး လုပ်ငန်းအတွက်လိုအပ်တဲ့ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးတွေ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ဖို့အတွက်ကို စိုက်ပျိုးရေးဆိုင်ရာနည်းပညာများကို ပံ့ပိုးကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်"ဟု ပွင်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်သည် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်အပါအဝင် ကျေးရွာအုပ်စု(၅၆)စု၊ ကျေးရွာပေါင်း ၂၀၅ ရွာရှိပြီး ဒေသခံပြည်သူများမှာ စိုက်ပျိုးရေးအဆင်ပြေမှုကြောင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး သီးနှံများစိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဈေးကွက်အခြေနေပေါ်မူတည်ပြီး ဈေးကောင်းရရှိသည့် သီးနှံများကို ရွေးချယ်စိုက်ပျိုးလုပ်ကိုင်ကြကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )