ရွှေတောင် အောက်တိုဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဌာနဆိုင်ရာများနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများနှင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်သုံးဘီးယာဉ်ဖြင့် နယ်လှည့်စာကြည့်တိုက်စာငှား၊ စာဖတ်ဝန်ဆောင်မှုပေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက အ.မ.က(မီးလောင်) နှင့် အ.မ.က(ကိုးတွင်းစဉ်) ကျောင်းများ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အ.မ.ကမီးလောင်နှင့် အ.မ.က ကိုးတွင်းစဉ်ကျောင်းများမှ ကျောင်းအုပ်ဆရာကြီးများက အဖွင့်အမှာစကားပြောကြားခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်မှ ကျောင်းသား/ ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန်နှင့် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ လူငယ်နှင့်စာဖတ်ခြင်း၊ လူကုန်ကူးမှုတားဆီးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးစသည့်အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်တိုင်းရင်းဆေးကုသရေးဌာန၊ တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်က အာဟာရအုပ်စုများ၊ တိုင်းရင်းဆေးဝါးများ၏အကျိုးသက်ရောက်မှုနှင့် စားသောက်နေထိုင်မှုဆိုင်ရာအကြောင်းအရာများ ရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဇင်မာချောစုကြည်က စားသုံးသူနှင့်ပတ်သက်သောကုန်အညွှန်းအမှတ်အသား (၈)ချက်၊ ဆိုးဆေးများနှင့်ဆောင်ရန်ရှောင်ရန် အသိပညာပေးသိကောင်းစရာအကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများအား ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း Icebreaking ပြုလုပ်ပေးပြီး ဒေါ်ရွှေဝတ်ရည်တိုးက " ကဒုကဒိက်ကဒေါ့ကဒက်" ပုံပြင်စာအုပ်ဖြင့် အသီးသီးပြောပြခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်အဖြစ်ယူဆောင်လာသာ စာအုပ်/စာစောင်များကိုကျောင်းသား၊ ကျောင်းသူလေးများကဖတ်ရှုကြပြီး လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)