ပေါင်းတည်၌စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက် ဆောင်ရွက်

ပေါင်းတည် အောက်တိုဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်စားသုံးသူရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးလှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက အခြေခံပညာဦးစီးဌာန၊ နတ်ပုတီးကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက် လုပ်ငန်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်အေးဆုစံက လူကုန်ကူးမှုအကြောင်းနှင့်စာပေကျေးဇူးအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ခံအရာရှိ ဦးနိုင်ဝင်းသိန်းက စားသုံးရန်မသင့်သည့်အစားအစာများအ​ကြောင်းနှင့် ဖုန်းဖြင့်ဂိမ်းကစားမှုလျှော့ချရေးအကြောင်းတို့ကို အကျယ်တဝံ့အသိပညာပေး ဟောပြောခဲ့ကြသည်။

 ထို့နောက် ပြည်သူ့စာကြည့်တိုက်မှူး ဒုတိယဦးစီးမှူး ဒေါ်ဝင်းမြသန်းက မိအေးချက်တဲ့ ဆွမ်းဟင်းတစ်ခွက် စက္ကူပြဇာတ်ကိုပြသပေးပြီး ကျောင်းသူလူငယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် ငယ်ရွယ်စဉ်မှစတင်၍စာအုပ်စာစောင်များကို ချစ်မြတ်နိုးတတ်လာစေရန် စာအုပ်စာစောင်များဖတ်ရှုစေခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ယင်းနောက် မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်ပြပွဲကို ဆက်လက်ပြသပေးခဲ့ကြရာ ကျောင်းသား၊ကျောင်းသူလူငယ်လေးများက စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ထိုစာသင်ကျောင်း၌ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား သုတ/ရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ရွှေသား(ပြန်/ဆက်)