ပြည်သူများဘေးအန္တရာယ်ဖြစ်စေသည့် ခွင့်မပြုအစားအသောက် ပဲသွေး/ဘဲသွေးများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

သဲကုန်း  နိုဝင်ဘာ  ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် စည်ပင်သာယာစျေးအတွင်းတွင် ယမန်နေ့က မြို့နယ်စည်ပင် သာယာရေးကော်မတီ၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများ ပူးပေါင်း၍ ပြည်သူများ ဘေးအန္တရာယ်ဖြစ်စေသည့် ခွင့်မပြုအစားအသောက် ပဲသွေး/ဘဲသွေးများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

"ကျွန်တော်တို့အနေနဲ့ ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိစျေးများတွင် လစဉ်စျေးကွက်ထောက်လှမ်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ပဲသွေး/ဘဲ​သွေးနမူနာ အများစု(၈၅%)မှာ Formalin (ဖော်မလင်) ပါရှိကြောင်း စစ်ဆေးတွေ့ရှိရပါတယ်၊ ဒါကြောင့် ပြည်သူတွေဘေးအန္တရာယ်ဖြစ်စေမဲ့ ခွင့်မပြု အစားအသောက် ပဲသွေး/ဘဲသွေးများ ရောင်းချခြင်း ရှိ/မရှိကို အဖွဲ့ပေါင်းစုံနဲ့ ယခုလို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရခြင်းဖြစ်ပါတယ်" ဟု အမှုဆောင်အရာရှိ  ဦးအေးကျော်က ပြောကြားသွားပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် သဲကုန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီအနေဖြင့် မြို့မစျေးအတွင်း ပဲသွေး/ဘဲသွေးများ ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပါက ၄င်း စျေးသည်များကို နောက်နောင် ရောင်းချခြင်းမပြုရန် ဝန်ခံကတိလက်မှတ်ရေးထိုးစေခြင်းနှင့် ပစ္စည်းသိမ်းဆည်းဖျက်ဆီးခြင်းများ အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စည်းကမ်းဖောက်ဖျက်သည့် စျေးသည်များအား  စည်ပင်သာယာရေး ဥပဒေအရ တိတိကျကျ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ​ကော်မတီထံမှ သိရှိရသည်။

နိုင်လင်း(သဲကုန်းပြန်/ဆက်)