မင်းဘူးခရိုင်၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွက် ဧကပေါင်း ၁၇၄၀၀၀ ကျော် စိုက်ပျိုးပြီးစီး

မင်းဘူး အောက်တိုဘာ ၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်းအတွင်းရှိ မြို့နယ်(၅)ခု၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ဆန်၊ စပါးဖူလုံပေါများစေရန် မိုးစပါးကို ဧကပေါင်း ၁၇၄၀၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့ပြီး စီမံကိန်းလျာထား ဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မင်းဘူးခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

“မင်းဘူးခရိုင်ထဲက မြို့နယ်(၅)ခုမှာ ဒီနှစ် မိုးစပါးစိုက်ပျိုးရာသီအတွက် မင်းဘူး(စကု)မြို့နယ်က ၄၀၉၈၈ ဧက၊ ပွင့်ဖြူမြို့နယ်က ၆၉၉၉၉ ဧက၊ စလင်းမြို့နယ်က ၄၇၇၁၅ ဧက၊ ငဖဲမြို့နယ်က ၁၀၂၀၀ ဧကနဲ့ စေတုတ္တရာမြို့နယ်က ၅၆၃၆ ဧက စုစုပေါင်း မိုးစပါးစိုက်ဧက ၁၇၄၅၃၈ ဧကအထိ စိုက်ပျိုးနိုင် ခဲ့ပါတယ်။ မင်းဘူးခရိုင်အနေနဲ့ ဒီနှစ်မိုးစပါးကို စက်တင်ဘာလ ၃၀ ရက်နေ့မှာ စာရင်းပိတ်လိုက်ပြီးတော့ စီမံကိန်းလျာထားဧကထက် ဧကပေါင်း ၉၀၀ ကျော် ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ခဲ့ပါတယ်”ဟု မင်းဘူးခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်လွင်က ပြောသည်။

မိုးစပါးစိုက်ပျိုးရာတွင် မင်းဘူခရိုင်အတွင်းရှိ ဒေသခံတောင်သူများသည် ဈေးကွက်အရ အရည်အသွေးကောင်း ဧရာမင်းနှင့် အထွက်ကောင်း စပါးမျိုးများဖြစ်သည့် မနောသုခ၊ ဆင်းသုခ၊ ရတနာတိုး၊ ပခန်းရွှေဝါ၊ ဆာဖိုးသာ၊ GW-11 ၊ GW-18 ၊ YSR-1 စပါးမျိုး များအပြင် ရေအနည်းလို-၇ နှင့် ရက်-၉၀ စသည့် စပါးမျိုး များကိုလည်း ပိုမိုတိုးချဲ့စိုက်ပျိုးလာကြောင်း၊ မိုးစပါး မျိုးသန့်ပွား၊ စံပြကွက်နှင့် စမ်းသပ်ကွက် တိုးချဲ့စိုက်ပျိုးသည့် ဒေသခံတောင်သူများအတွက် ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းပြီး ယူရီးယားဓါတ်မြေဩဇာများကို မိုးစပါး နှစ်ဧကလျှင် တစ်အိတ်နှုန်းဖြင့် ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း၊ ထို့အပြင် စိုက်ပျိုးရေးဦးစီးဌာန၏ လုပ်ငန်းပံ့ပိုးမှုအစီအစဉ်ဖြင့် ယခုနှစ် မိုးစပါးစိုက်ပျိုးသည့် အကျိုးဆောင် တောင်သူများနှင့်ပေါင်းစပ်၍ စိုက်ကွင်းအထောက်အကူပြု စံပြကွက်၊ စမ်းသပ်ကွက်နှင့် မျိုးသန့်ပွား စိုက်ခင်းများကိုလည်း စိုက်ပျိုးဆောင်ရွက်ထားရှိကာ စပါးမျိုးသန့်၊ ကွန်းပေါင်း၊ ယူရီးယား၊ သဘာဝမြေဩဇာနှင့် ပိုးသတ်ဆေးများကို ပံ့ပိုးဖြန့်ဖြူးပေးထားပြီး ပန်းတိုင်အထွက်နှုန်း တိုးတက်ကောင်းမွန်ရရှိရေး စိုက်ပျိုးရေးနည်းပညာများကို ပံ့ပိုးကူညီပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း မင်းဘူးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

မင်းဘူးခရိုင်၌ ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးရာသီတွင် မိုးစပါးကို ဧကပေါင်း ၁၇၃၅၈၇ ဧက စိုက်ပျိုးရန် စီမံကိန်းလျာထားဆောင်ရွက်ခဲ့ပြီး စက်တင်ဘာလ ၃၀ ရက်နေ့အထိ ခရိုင်အတွင်းရှိ မြို့နယ်(၅)ခုတွင် ဧကပေါင်း ၁၇၄၅၃၈ ဧကအထိ စိုက်ပျိုးနိုင်ခဲ့သည့်အတွက် စီမံကိန်းလျာထားဧကထက် ၉၅၁ ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)