လိပ်သို အောက်တိုဘာ ၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများကိုယ်တိုင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်ပြီး သိရှိလိုက်နာကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ခြေလျင်လျှောက်သူများလိုက်နာရန် စက်ဘီးစီးသူများလိုက်နာရန် စည်းကမ်းများအကြောင်း၊ မော်တော်ဆိုင်ကယ်စီးနင်းသူနှင့် (ကား)ယာဉ်မောင်းများလိုက်နာရန် စည်းကမ်းများအကြောင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဥပဒေဆိုင်ရာများအား အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ နံရံကပ်စာစောင်နှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာများ၊ အန္တရာယ်သတိပေးလမ်းညွှန်ချက်များ၊ ကားမောင်းနေစဉ် ဖုန်းပြောနေတာရပ်ပါ၊ ရပ်မျဉ်းကျော်၍ရပ်ခြင်း၊ သတိပေးကာတွန်းပုံများ စသည့် အသိပညာပေးနံရံကပ်စာစောင်ကို ပြသရာ ဒေသနေပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများက ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)