ဘားအံ၌ အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်

ဘားအံ အောက်တိုဘာ ၄

ကရင်ပြည်နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ၊ ကျောင်းစာကြည့်တိုက်များ၊ တက္ကသိုလ်/ကောလိပ်စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာကြည့်တိုက်လုပ်ငန်းများ စနစ်တကျရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင် Community Centre တွင် အောက်တိုဘာလ ၃ ရက်နေ့က အခြေခံစာကြည့်တိုက်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ကို ဖွင့်လှစ်သည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တက်ရောက်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးမောင်မောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက်ထောက်ပံ့ငွေကျပ် ၂၂၁၉၀၀ဝိ/- (နှစ်ဆယ့်နှစ်သိန်း တစ်သောင်းကိုးထောင်ကျပ်) ကို ပြည်နယ်ဦးစီးမှူးထံ ထောက်ပံ့ပေးအပ်သည်။

ကရင်ပြည်နယ်အတွင်း ခိုင်မာရှင်သန်စာကြည့်တိုက်ပေါင်း ၃၃ တိုက်ရှိပြီး ယခုနှစ်တွင် မြန်မာနိုင်ငံစာကြည့် တိုက်များဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ မတည်ထောက်ပံ့ငွေဖြင့် စာကြည့်တိုက်အသစ် (၇)တိုက်ကိုတည်ဆောက် ဖွင့်လှစ်လျက်ရှိကာ ယခုသင်တန်းသို့ တက္ကသိုလ်/ကောလိပ်များ၊ အခြေခံပညာကျောင်းများ၊ ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ စာကြည့်တိုက်(တာဝန်ခံ)၊ စာကြည့်တိုက်မှူးများ စုစုပေါင်းသင်တန်းသား၊ သင်တန်းသူ (၅၁) ဦး တက်ရောက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အရာထမ်းများက အောက်တိုဘာလ ၃ ရက်နေ့မှ ၄ ရက်နေ့ထိ ၂ ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)