ငဖဲမြို့နယ်တွင် သက်ကြီးအဘွား(၅)ဦးအား အလှူငွေများထောက်ပံ့လှူဒါန်း

ငဖဲ  အောက်တိုဘာ ၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် အသက်အကြီးဆုံးအဘွား (၅)ဦးအား အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိလ်များနေ့အထိမ်းအမှတ်အဖြစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများက ထောက်ပံ့လှူဒါန်းသည့် အလှူငွေများကို မြို့နယ်အတွင်းရှိကျေးရွာများအရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထိုသို့သွားရောက်ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အတွင်းရှိ ဗိုလ်ကုန်းကျေးရွာမှ အဘွားဒေါ်ကျော့တင် (၁၀၀)နှစ်၊ ဘုံးဘောကျေးရွာမှ အဘွားဒေါ်ပစွန် (၁၀၀)နှစ်၊ အိုးမြေခုံကျေးရွာမှ အဘွားဒေါ်စိန်နု (၁၀၁)နှစ်၊ စာတတ်ကူကျေးရွာမှ အဘွားဒေါ်စောကြည် (၁၀၅)နှစ်နှင့် ဆင်ချည်တိုင်ကျေးရွာမှ အဘွားဒေါ်ရင်ကြည် (၁၀၇)နှစ် စုစုပေါင်း သက်ကြီးအဘွား(၅)ဦးတို့အား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဟန်နီထွန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးအဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့တို့က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသော ထောက်ပံ့ငွေ တစ်ဦးလျှင် ငွေကျပ်ငါးသောင်းနှုန်းနှင့် တိုင်းဒေသကြီးဌာနဆိုင်ရာများမှ လှူဒါန်းသောထောက်ပံ့ငွေ တစ်ဦးလျှင် ငွေကျပ်တစ်သောင်းနှုန်း စုစုပေါင်း တစ်ဦးလျှင် ငွေကျပ် ခြောက်သောင်းနှုန်းဖြင့် သက်ကြီးအဘွား (၅)ဦးအတွက် စုစုပေါင်းလှူဒါန်းငွေကျပ် သုံးသိန်းကို အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)