ရွှေဘို အ.ထ.က (၃) ၌ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ Clean and Green Schools Award ဆုချီးမြှင့်နိုင်ရေး ကွင်းဆင်းစစ်ဆေး

​ရွှေဘို ​အောက်တိုဘာ ၄

သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ Clean and Green Schools Award ဆုချီးမြှင့်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက ဆုရွေးချယ်ရေးကော်မတီအဖွဲ့မှ အမှတ် (၃)၊ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ​ရွှေဘိုခရိုင်ပညာရေးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်သစ်တောဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ခရိုင်ပြည်သူ့ကျန်းမာ၊ စည်ပင်သာယာ​ရေးနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သည့် ကော်မတီဝင်များက ဆုရွေးချယ်နိုင်ရေးအတွက် အမှတ် (၃)၊ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်စစ်‌ဆေးပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူက ကျောင်းအကျိုးတော်ဆောင်များ၊ မိဘ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံပြီး သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ Clean and Green Schools Award ဆုလျှောက်ထားရာတွင် သတ်မှတ်ထားသည့် အခြေခံစံနှုန်း (၄) ချက်နှင့် အညွှန်းကိန်း (၁၇) ချက်ဖြင့်သာ ဆုရွေးချယ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ဆုရွေးချယ်ရေးကော်မတီဝင်များက ‌ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် သတ်မှတ်ထားသော အခြေခံစံနှုန်း (၄) ချက်၊ အညွှန်းကိန်း (၁၇) ချက်နှင့်အညီ ကိုက်ညီမှု ရှိ/မရှိတို့အား ကွင်းဆင်းအကဲဖြတ်စစ်ဆေးခဲ့ကြရာ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များက မိမိတို့ကျောင်းများတွင် ဆောင်ရွက်ထားရှိမှုအခြေအနေများအား လိုက်လံပြသခဲ့ကြသည်။

ယင်းသို့ ကွင်းဆင်းအကဲဖြတ်စစ်ဆေးခဲ့သည့်ရလဒ်များအပေါ်မူတည်၍ အထက်တန်းအဆင့် ကျောင်းတစ်ကျောင်းနှင့် မူလတန်းအဆင့် ကျောင်းတစ်ကျောင်းအား ဆုစိစစ်ရွေးချယ်ရေးအဖွဲ့မှဆု ရွေးချယ်ကာ ဆုရကျောင်းများကို  တိုင်းဒေသကြီးနှင့် ခရိုင်များက ကျင်းပပြုလုပ်မြဲဖြစ်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားတွင် Clean and Green Schools Award ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်