ပခုက္ကူမြို့၊ မူလတန်းကြိုကျောင်း၌ ဉာဏစွမ်းရည်ပြိုင်ပွဲဆုချီးမြှင့်ပွဲ ကျင်းပ

ပခုက္ကူ အောက်တိုဘာ ၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် လူမှုဝန်ထမ်းဦးစီးဌာနကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ မူလတန်းကြိုကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က ဉာဏစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပသည်။

ရှေးဦးစွာ ပခုက္ကူခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သန္တာဦးက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ရှေးဦးအရွယ်ကလေးသူငယ်များအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး လေ့ကျင့်သင်ကြားပျိုးထောင်ပေးနေမှုများနှင့် ဆက်လက်ကျင်းပ‌ပြုလုပ်ပေးမည့် ကာယ၊ ဉာဏပြိုင်ပွဲအမျိုးအစားများအကြောင်း ရှင်းလင်းပြောကြားပြီး ဉာဏပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူ ရင်သွေးငယ်လေးများက ပြန်လည်ဖျော်ဖြေကြသည်။

ထို့နောက် တာဝန်ရှိသူများက အလှူရှင်များအား ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ကြပြီး မူလတန်းကြိုကျောင်းမှ အတန်းကြီး၊ အတန်းငယ်များအလိုက် ပုံပြင်၊ ကဗျာ၊ သီချင်းနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူများအား ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ကြသည်။ 

ဘာမီသာ(ပခုက္ကူ)