ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူ

ပွင့်ဖြူ အောက်တိုဘာ ၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၄ ခုနှစ်  လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို တိကျမှန်ကန်စွာစာရင်းကောက်ယူနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက ကံဆွယ်ကျေးရွာနှင့် ကျောင်းတော်ရာကျေးရွာတို့တွင် တစ်အိမ်တက်ဆင်းစာရင်းများ ကွင်းဆင်းကောက်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကောက်ယူရာတွင်  သန်းခေါင်စာရင်းကောက်အဖွဲ့များက လူဦးရေနှင့်အိမ်အကြောင်းအရာ စာရင်းများတိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် မြို့နယ်အတွင်းနေထိုင်သောသူများ၏ လူဦးရေဆိုင်ရာအချက်အလက်များအား ပြည်သူများထံအရောက်သွားရောက်ပြီး Tablet   ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်းကောက်ယူသည့်စနစ် (Computer Assisted Personal Interviews - CAPI ) နည်းပညာဖြင့် မေးခွန်း(၆၈)ခု ပါဝင်သော အိမ်ထောင်စုမေးခွန်းပုံစံနှင့် မေးခွန်း(၁၈)ခု ပါဝင်သော အဖွဲ့အစည်းမေးခွန်းပုံစံများအသုံးပြု၍ မေးမြန်းကောက်ယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူနေမှုများကို မြို့နယ်သန်းခေါင်စာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူရနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကကြည့်ရှုအားပေးပြီး အချက်အလက်စာရင်းများ မှန်မှန်ကန်ကန်ကောက်ယူနိုင်ရေးအတွက် လိုအပ်သည်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းအား ရပ်ကွက်(၄)ခုနှင့် ကျေးရွာအုပ်စု(၅၂)အုပ်စုရှိ စာရင်းကောက်ကွက်ပေါင်း(၃၀၀)တို့တွင် စာရင်းစစ်၊ စာရင်းကောက် (၁၁၃)ဦးတို့က အောက်တိုဘာ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပွင့်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ  သိရသည်။ 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )