ပဲခူး အောက်တိုဘာ ၄
ပဲခူးမြို့၊ ဥဿာမြို့သစ်၊ သမိန်ဗရမ်းလမ်းရှိ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံးအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီမှကြီးမှူးပြုလုပ်သည့် သူနာပြု၊ သားဖွားများ၏ သူနာပြုစုမှုအရည်အသွေးတိုးမြှင့်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာသီဟက မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီမှ ရှင်းလင်းဆွေးနွေးဟောပြောသွားမည့် CPD Guideline ပါအချက်များနှင့် မိမိတို့လိုင်စင်သက်တမ်းတိုးရာတွင် အသုံးပြုရမည့် Logbook များနှင့် ချိတ်ဆက်အသုံးပြုရမည့်နည်းလမ်းများကိုသိရှိပြီး မိမိတို့၏ဌာနရှိ သူနာပြုသားဖွားများ CPD Point ရရှိရေးအတွက် အချင်းချင်းပံ့ပိုးကူညီပေးကြရန်၊ သူနာပြုသားဖွားများအားလုံးကလည်း မိမိ၏ အသက်မွေးဝမ်းကျောင်းပညာရပ်ကို တန်ဖိုးထားကာ မိမိတို့အသက်မွေးဝမ်းကျောင်းပညာရပ်တိုးတက်စေရန် သတ်မှတ်ထားသည့် CPD စနစ်အတိုင်း စနစ်တကျလိုင်စင်သက်တမ်းတိုးကြရန်နှင့် နိုင်ငံတော်၏တာဝန်ကို သစ္စာရှိစွာထမ်းဆောင်ကြရန်၊ မိမိတို့သူနာပြု၊ သားဖွားများ၏ ထိန်းသိမ်းရမည့်အပြုအမူနှင့် လိုက်နာကျင့်သုံးရမည့်ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ခင်က သူနာပြု၊ သားဖွားများ၏ သူနာပြုစုမှုအရည်အသွေး တိုးမြှင့်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီမှဦးဆောင်၍ သူနာပြု၊ သားဖွားများ၏ သူနာပြုစုမှုအရည်အသွေးတိုးမြှင့်ရေးအတွက် အသိပညာပေးဆွေးနွေးကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကြကြောင်းသိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီဟနှင့် ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံကြီးများမှ သူနာပြုအုပ်ကြီးများနှင့် သူနာပြုအုပ်များ၊ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြု၊ သားဖွား၊ အမျိုးသမီးကျန်းမာရေး ဆရာမများ၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများမှ သူနာပြုသားဖွားများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)