ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျွန်းလှ အောက်တိုဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ လယ်ယာမြေများသည် မိုးကောင်းသောက်ဖြစ်သော်လည်း စိုက်ပျိုးရေးလုပ်ငန်းကို ချောင်းရေ၊ မြောင်းရေနှင့် မြေအောက်ရေတင်ပြီး လုပ်ကိုင်ကြရာ ယခုနှစ် မိုးရာသီစိုက်ပျိုးသော မိုးစပါးစိုက်ခင်းများ အောင်‌မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းစေရန်အတွက် စိုက်နည်းစနစ်မှန်ကန်ရေး သင်တန်းများဖွင့်လှစ်ခြင်း၊ ကွင်းသရုပ်ပြပွဲများကျင်းပခြင်း၊ ပိုးမွှားကျရောက်မှုကင်းထောက်ခြင်း၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျအချိန်ကိုက်သုံးစွဲရေး ပညာပေးခြင်း စသည့် စိုက်ပျိုးရေးဆိုင်ရာများ နည်းပညာပေးလျက်ရှိပြီး ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာဖြန့်ဖြူးပေးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောကြားခဲ့သည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရန် ၃၄၀၉၇ ဧက လျာထားပြီး ၃၄၀၉၈ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ဒေသရာသီဥတုနှင့် ကိုက်ညီသည့် ဧရာမင်း၊ မနောသုခ၊ ရွှေသွယ်ရင်၊ ချမ်းမြေ့မေစပါးမျိုးများ စိုက်ပျိုးကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို