ပွင့်ဖြူ အောက်တိုဘာ ၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံပိုလျှံစေရန်နှင့် သီးနှံစိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ဆောင်းသီးနှံထောပတ်ပဲ ၇၇၃၂ ဧက လျာထား စိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် ဒေသခံတောင်သူများက သတ်မှတ်လျာထားဧကပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် လယ်ယာမြေပြုပြင်ခြင်းလုပ်ငန်းများ ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံဝင်ငွေတိုးပွားစေရန်နှင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံပိုလျှံစေရေးအတွက် ဈေးကွက်ရှိသည့် ထောပတ်ပဲသီးနှံအား စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုလာမည့်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင်လည်း ထောပတ်ပဲသီးနှံအား ၇၇၃၂ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ ဒေသခံတောင်သူများက သတ်မှတ်လျာထားဧကပြည့်မီရေးအတွက် နိုဝင်ဘာလဆန်းပိုင်းတွင် စတင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
"ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်စေဖို့၊ စားနပ်ရိက္ခာဖူလုံစေဖို့နဲ့ တောင်သူများသီးနှံဝင်ငွေတိုးပွားစေဖို့အတွက်ရည်ရွယ်ပြီး ထောပတ်ပဲသီးနှံ ၇၇၃၂ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ တောင်သူတွေကိုလည်း ဆောင်းသီးနှံစိုက်ပျိုးရေးလုပ်ငန်းနဲ့ပတ်သက်ပြီး သတ်မှတ်စိုက်ဧကတွေပြည့်မီအောင် စိုက်ပျိုးကြဖို့၊ ပန်းတိုင်အထွက်နှုန်းများ ရရှိအောင် စိုက်နည်းစနစ်တွေ မှန်ကန်ဖို့၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးကြဖို့ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ယခုလက်ရှိမှာ တောင်သူတွေက ဆောင်းသီးနှံအချိန်မီ စိုက်ပျိုးနိုင်ဖို့အတွက် လယ်ယာမြေပြုပြင်ခြင်းလုပ်ငန်းများကို ကြိုပမ်းဆောင်ရွက်လျက်ရှိပြီး ထောပတ်ပဲသီးနှံ စိုက်ပျိုးခြင်းကို နိုဝင်ဘာလဆန်းလောက်မှ စတင်စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်၌ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆောင်းသီးနှံအလိုက် လျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရန်နှင့် ပန်းတိုင်အထွက်နှုန်းများရရှိရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သက်ဆိုင်ရာ ဆက်စပ်ဌာနများနှင့်ပူးပေါင်းပြီး စိုက်ပျိုးရေးနည်းပညာများဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေး၊ သွင်းအားစုပစ္စည်းများ စနစ်တကျ သုံးစွဲတတ်စေရေးစသည့် တောင်သူပညာပေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ )