မြဝတီမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှု ကြည့်ရှုအားပေး

မြဝတီ အောက်တိုဘာ ၃

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ ၁ ရက်မှစ၍ စာရင်းကောက်ယူလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် တိကျမှန်ကန်မှုရှိစေရေးအတွက် မြဝတီခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးကျော်ကျော်သန်း၊ မြို့နယ်သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်လွင်နှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးတင်အောင်ဝင်းတို့က ခရိုင်နှင့်မြို့နယ်အဆင့် ကြီးကြပ်မှုကော်မတီဝင်များ၊ စာရင်းစစ်၊ စာရင်းကောက် ဆရာ/ဆရာများ၊ နယ်မြေခံလုံခြုံရေး တပ်ရင်း၊ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများပူးပေါင်းအဖွဲ့တို့၏ ရပ်ကွက်/ ကျေးရွာများအလိုက်အဖွဲ့များခွဲပြီး တစ်အိမ်တက်ဆင်းစနစ်ဖြင့် Mobile Tablet များအသုံးပြု၍ မေးခွန်းများမေးမြန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

မြဝတီမြို့နယ်အနေဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းတွင် အောက်တိုဘာ ၂ ရက်နေ့အထိ ကောက်ယူပြီးစီးသည့် စာရင်းကောက်ကွက်ပေါင်း ၁၁ ခု၊ အိမ်ထောင်စု ၄၁၇၂ စုမှလူဦးရေ ၁၇၆၄၈ ဦးတို့အား စာရင်းကောက်ယူနိုင်ခဲ့ပြီး ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာ အုပ်စုများတွင်လည်း မြေပြင်ကွင်းဆင်းခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)