ဘိုကလေး အောက်တိုဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့နံနက် (၁၀) နာရီအချိန်က ဘိုကလေးမြို့၊ အောက်ပိုင်းမူလွန်ကျောင်းသို့ကွင်းဆင်း၍ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က တန်ဖိုးရှိသော လူငယ်ဘဝပိုင်ဆိုင်နိုင်ရေး၊ တန်ဖိုးရှိလှသောအနာဂတ်၏ သားကောင်းရတနာများပေါ်ထွန်းစေရေး၊ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေပြီး အနာဂတ်၏ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းစေရေးတို့အတွက် စာပေဖတ်ရှုလေ့လာရန် လိုအပ်ကြောင်းနှင့် စာပေ၏တန်ဖိုး၊ စာပေ၏ ဂုဏ်၊ ဒြပ်များအားဖော်ညွှန်း၍ အသိပညာပေးဟောပြောသည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ဒေါ်ခင်စန်းအေးက ကျောင်းသား၊ ကျောင်းသူများအား အစားအသောက်များတွင် တွေ့ရှိရသည့် ဆိုးဆေးများ၏အန္တရာယ်များ၊ ကုန်အညွှန်းအမှတ်တံဆိပ်နှင့် မြန်မာဘာသာဖြင့် ရိုက်နှိပ်ဖော်ပြထားခြင်းမရှိသည့် စားသောက်ကုန်များ၏ အန္တရာယ်များအား အကျယ်တဝင့်ရှင်းလင်းအသိပညာပေး ဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲများအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး ခင်းကျင်းချိတ်ဆွဲပြသထားသည့် ကဏ္ဍစုံနံရံကပ်စာစောင်များ၊ သုတ၊ ရသစုံ စာအုပ်စာပေများအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)