ကျုံပျော်တွင် လူငယ်ရေးရာကော်မတီမှကြီးမှူး၍ အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်။

ကျုံပျော် အောက်တိုဘာ ၃

လူငယ်များ ဗလငါးတန် ပြည့်စုံစေရန်အတွက် လူငယ်ရေးရာကော်မတီမှကြီးမှူး၍ အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ မြန်ပြည်သားကောင်း ကိုယ်ပိုင်အထက်တန်းကျောင်း၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဒုတိယကျောင်းအုပ်ဆရာကြီး ဦးအေးထွန်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယခုဆွေးနွေးပွဲမှ ဗဟုသုတများကို လေ့လာမှတ်သားကြရန် အဖွင့်အမှာစကား ပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးက အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခြင်းနှင့် ပတ်သက်၍၎င်း၊ စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို၎င်း၊ ဗလငါးတန် ပြည့်စုံသည့် လူငယ်များ ဖြစ်လာစေရန် ဆောင်ရွက်သင့်သည်များကို၎င်း ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်စိန်ဘွင့်က မီး‌လောင်ကျွမ်းမှုနှင့် လက်တွေ့ငြိမ်းသတ်နည်းများ၊ မီးချိတ်၊မီးကတ်အပါအဝင် မီးငြိမ်းသတ်ရေး ပစ္စည်းများ၏ အသုံးဝင်မှု၊ မီးလောင်ကျွမ်းမှု မဖြစ်အောင် သတိပြုနေထိုင်ရေးတို့ကို ဆွေးနွေးပြောကြားပြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်းက စားသုံးသူ၏ အဓိပ္ပါယ်နှင့် အခွင့်အရေး၊ ကုန်ညွှန်းအမှတ်အသားဆိုင်ရာ အချက်များ၊ စားသုံးသူ အသိပညာပေးလုပ်ငန်း ဆောင်ရွက်နေမှု၊ စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်မှုတို့ကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ၁၆ ကုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဒုတိုင်းရင်းဆေးမှူး ဒေါ်ဇင်လဲ့မွန်က တိုင်းရင်းဆေး၏ အဓိပ္ပါယ်၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ၏ အသုံးဝင်ပုံနှင့် ကျန်းမာအောင် နေထိုင်နည်းများကို၎င်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးဝင်းနိုင်က အားကစား၏ အဓိပ္ပါယ်၊ တစ်ကိုယ်ရည် ပြုလုပ်နိုင်သော အားကစား နည်းများအကြောင်း၊ လမ်းလျှောက်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများအပါအဝင် နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစားသမားများ ဖြစ်ရေးကြိုးစားကြရန်တို့ကို ဆွေးနွေးဟောပြောခဲ့သည်။ ယင်းနောက် ‌စကားဝိုင်း‌ဆွေးနွေးပွဲမှ ကျောင်းသား၊ ကျောင်းသူ (၆) ဦးတို့က သိလိုသည်များအား ဆွေးနွေးမေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

အဆိုပါ လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ မြန်ပြည်သားကောင်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး၊ ထိုကဲ့သို့ အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းများ ကျင်းပပေးခြင်းသည် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရန်၊ အနာဂတ်မျိုးဆက်သစ်လူငယ်များ ဗလငါးတန်ပြည့်စုံစေရန်၊ စကားပြောစွမ်းရည်ပြည့်ဝပြီး လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း ရင်းနှီးခင်မင် ပူးပေါင်းဆောင်ရွက်နိုင်သည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်ရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)