မြို့သစ် အောက်တိုဘာ ၃
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အောက်တိုဘာလ ၁ ရက်နေ့ ညနေပိုင်းကစတင်၍ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ယနေ့နံနက် ၁၀ နာရီအချိန် ဆည်ရေတိုင်းထွာချက်အရ ပုလင်းဆည်၊ စွန်ဆည်နှင့်ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲတို့မှ ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ပုလင်းဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည်(၆၈၅)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၆၈၅ ဒသမ ၈၀)ပေရှိသည့်အတွက် ရေပိုလွှဲမှ (၀ ဒသမ ၈ပေ)၊ စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည်(၆၂၅)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၆၂၅ ဒသမ ၆၀)ပေရှိသည့်အတွက် ရေပိုလွှဲမှ( ၀ ဒသမ ၆ပေ)၊ ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၅၆၀ ဒသမ ၅၀)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၅၆၁ ဒသမ ၁၀)ပေရှိသည့်အတွက် ရေပိုလွှဲမှ(၀ ဒသမ ၆ပေ)ရေကျော်ကျလျက်ရှိကြောင်း၊ ပုလင်းဆည်၊ စွန်ဆည်နှင့်ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲတို့မှ ရေကျော်ကျမှုရှိသော်လည်း ဆည်၏ဆက်စပ်အဆောက်အအုံများကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိမ်စရာအခြေအနေမရှိကြောင်းနှင့် ဆည်အခြေအနေနှင့်ပတ်သက်၍ ဝန်ထမ်းများအား အလှည့်ကျရေကင်းတာဝန်ချထားကာ ဆည်အောက်ပိုင်းရှိကျေးရွာနေ ပြည်သူများဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိဦးအောင်ဇော်ထက်ထံက သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)