ငါးသိုင်းချောင်းမြို့ အ.မ.က(ရွှေဘို)၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်

ငါးသိုင်းချောင်း အောက်တိုဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ(၃)ရက် နံနက်(၁၀)နာရီက အ.မ.က(ရွှေဘို)၌ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက် လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။

 အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်ခင်မာလာအောင်က ကျောင်းသား၊ ကျောင်းသူများအား အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာအသုံးပြုရေး ကျောင်းစာကိုကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြရေးတို့ကို ဟောပြောဆွေးနွေးခဲ့သည်။

ဆက်လက်၍ ကျောင်းသားကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို စိတ်ကြိုက်ရွေးချယ်ဖတ်ရှုကာ စာဖတ်စွမ်းရည်ယှဉ်ပြိုင်ခြင်းနှင့်ကဗျာရွတ်ဆို ယှဉ်ပြိုင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူ/ကျောင်းသားများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများနှင့်၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်သတိပြုကာကွယ်ရေးစသည့် အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)