အိမ်မဲ အောက်တိုဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် ဆက်လက်၍ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုများထံသို့ ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူး အောင်သွင်စိုး၊ သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး မြို့နယ်လဝကဦးစီးမှူး ဦးအောင်နိုင်ဦးနှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်း ရပ်ကွက်များ၊ ကျေးရွာများသို့ စာရင်းစစ်၊ စာရင်းကောက်များက Mobile Tablet များဖြင့် တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူနေမှုများအား ကြည့်ရှုအားပေးကြသည်။ ထိုသို့ စာရင်းစစ်၊ စာရင်းကောက်များစာရင်းကောက်ရာတွင် အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများပူးပေါင်းကာ အဖွဲ့များခွဲ၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၀၂)အုပ်စုရှိပြီး သန်းခေါင်စာရင်းကောက်ယူရေး အဖွဲ့ (၃၁) ဖွဲ့မှ စာရင်းစစ်၊ စာရင်းကောက် (၁၆၆)ဦးမှ သက်ဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းများအား အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ၊ ပြန်/ဆက်)