ကဝ အောက်တိုဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်များသည် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ သန်းခေါင်စာရင်းကောက်ကွက်များအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ(၁)ရက်နေ့မှ စတင်ကောက်ယူခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ဆက်လက်၍ ကွင်းဆင်းကောက်ယူဆောင်ရွက်လျက်ရှိသည်။
ကွင်းဆင်းကောက်ယူရာတွင် သန်းခေါင်စာရင်းကောက်များအနေဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာ ရရှိနိုင်ရေးအတွက် ရပ်ကွက်အတွင်း အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာ အချက်အလက်များနှင့်အိမ်အကြောင်းအရာများကို မေးခွန်းအချက်အလက်(၆၈)ချက်မေးမြန်းကာ (Mobile Tablet)များဖြင့် အဆင့်မြင့်နည်းပညာများအသုံးချကာ ကောက်ယူကြောင်းသိရှိရသည်။
လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများကို ကဝမြို့နယ်သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဝင်းဆန်းနှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)