မြို့သစ်မြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်

မြို့သစ် အောက်တိုဘာ ၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို စာရင်းစစ်စာရင်းကောက်အဖွဲ့များက ယမန်နေ့နံနက်က ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် တစ်အိမ်တက်ဆင်းစနစ်ဖြင့် စာရင်းကောက်ယူခဲ့ကြသည်။

အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရာတွင် တိကျမှန်ကန်မှုရှိစေရေးအတွက် မြို့သစ်မြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးတို့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့်ကြီးကြပ်မှုကော်မတီဝင်များ၊  စာရင်းစစ်၊ စာရင်းကောက် ဆရာ/ဆရာများ၊ နယ်မြေခံလုံခြုံရေးတပ်ရင်း၊ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများပူးပေါင်းအဖွဲ့တို့သည် တစ်အိမ်တက်ဆင်းစနစ်ဖြင့် Mobile Tablet များ အသုံးပြု၍ မေးခွန်းများ မေးမြန်းခြင်းကို အဖွဲ့များခွဲပြီး စုပေါင်းဆောင်ရွက်ကြသည်။

မြို့သစ်မြို့နယ်အနေဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို မြို့ပေါ်ရပ်ကွက် (၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၆)အုပ်စု၊ ကောက်ကွက်ပေါင်း (၂၉၇)ကွက် စာရင်းစစ် (၂၄)ဦးနှင့် စာရင်းကောက်(၁၁၄ )ဦးတို့က အောက်တိုဘာ(၁)ရက်နေ့မှစတင်ကာ သတ်မှတ်ရက်အတွင်းပြီးစီးနိုင်ရေး မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)