ဆင်ပေါင်ဝဲ အောက်တိုဘာ ၃
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုများကို မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက တစ်အိမ်တက်ဆင်း ကောက်ယူလျက်ရှိကြောင်းသိရသည်။
အဆိုပါ မြို့နယ်အတွင်း ကွင်းဆင်းကောက်ယူရာတွင် သန်းခေါင်စာရင်းကောက်အဖွဲ့များမှ လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် မြို့နယ်အတွင်းနေထိုင်သောသူများ၏ လူဦးရေဆိုင်ရာအချက်အလက်များအား ပြည်သူများထံအရောက် ကွင်းဆင်းမေးမြန်းကောက်ယူလျက်ရှိရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူသည့် လုပ်ငန်းများကို ရပ်ကွက်/ ကျေးရွာအသီးသီးတို့၌ သန်းခေါင်စာရင်းကောက်ကွက်ပေါင်း ၁၆၂ ကွက်အား စာရင်းစစ်၊ စာရင်းကောက် ၇၀ ဦးတို့မှ တစ်နေ့လျင်ကောက်ကွက် ၁၂ ကွက်နှုန်းဖြင့် အောက်တိုဘာ ၁၅ ရက်နေ့ထိ အိမ်တိုင်ရာရောက် ကွင်းဆင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)