မင်းဘူး အောက်တိုဘာ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာလ ၁ ရက်နေ့မှစတင်ပြီး မြေပြင်ကွင်းဆင်းကောက်ယူလျက်ရှိရာ အဆိုပါစာရင်းကောက်ယူနေမှုများကို မင်းဘူးခရိုင်နှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အောက်တိုဘာလ ၂ နေ့၊ မွန်းလွဲပိုင်းက သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက စကုမြို့ပေါ်ရပ်ကွက်များအတွင်း အိမ်ထောင်စုပုံစံအတွက် မေးခွန်း(၆၈)ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံအတွက် မေးခွန်း(၁၈)ကို Mobile Tablet အသုံးပြု၍ အိမ်ထောင်စုအလိုက် မေးမြန်ကောက်ယူနေမှုများအား မင်းဘူးခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး စာရင်းများအချိန်မီကောက်ယူပြီးစီးနိုင်ရေးနှင့် အချက်အလက်များမှန်ကန်စွာဖြည့်သွင်းရေးကိုမှာကြားကာ စာရင်းကောက်အဖွဲ့များ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅)ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်ကြီး (၇)ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း (၆၇)အုပ်စု၊ ကျေးရွာပေါင်း (၁၅၀)မှ စာရင်းကောက်ကွက် စုစုပေါင်း (၄၁၈)ကွက်တွင် စာရင်းစစ်၊ စာရင်းကောက် (၁၄၉)ဦးနှင့် ပူးပေါင်းအဖွဲ့များက ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် စာရင်းကောက်ယူရေးလုပ်ငန်းများကို တစ်အိမ်တက်ဆင်းမြေပြင်ကွင်းဆင်း၍ ကောက်ယူလျက်ရှိကြောင်း၊ သန်းခေါင်စာရင်းများကောက်ယူခြင်းဖြင့် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများအတွက် ခိုင်လုံသောအခြေခံစာရင်း ကိန်းဂဏန်းများရရှိစေခြင်း၊ ယခင်ကောက်ယူခဲ့သော သန်းခေါင်စာရင်းများနှင့် ယခုကောက်ယူရရှိသော သန်းခေါင်စာရင်းများမှ အချက်အလက်များကို နှိုင်းယှဉ်စမ်းစစ်လေ့လာနိုင်ခြင်းများအပြင် သက်ဆိုင်ရာဒေသအလိုက်လိုအပ်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် တွက်ချက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများစွာရရှိစေနိုင်မည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။
မောင်မောင် (မင်းဘူး)