အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ် ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်

မြန်အောင် အောက်တိုဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်တွင် အသက်အကြီးဆုံးအဘွားနှင့် မြန်အောင်ဘိုးဘွားရိပ်သာမှ ဘိုးဘွားများအား ‌အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ်အဖြစ် အောက်တိုဘာလ ၁ ရက်နေ့က ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

ထောက်ပံ့ငွေများကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပြီး မြန်အောင်မြို့နယ်၊ တောကျွဲလူး‌ကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာမှ ​ အဘွားဒေါ်ဒွေးစိန်(အသက် ၁၀၃ နှစ်)အား ထောက်ပံ့လှူဒါန်းသည့် ငွေကျပ်တစ်သိန်း၊ မြန်အောင်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မြန်အောင်ဘိုးဘွားရိပ်သာမှ အဘိုး၊ အဘွား ၂၉ ဦးအား တစ်ဦးလျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် ငွေကျပ်ငါးသိန်းရှစ်သောင်းနှင့် ဘိုးဘွားရိပ်သာအတွက် ငွေကျပ်ငါးသိန်းတို့ကို ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနဦးစီးအရာရှိ ဒေါ်မိုးဝါဦးဆောင်သော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းလှိုင်ဦးနှင့်ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်၍ ဘိုးဘွားများအား မုန့်နှင့်အာဟာရများကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)