အထက်မင်းလှ အောက်တိုဘာ ၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းစတင်ကောက်ယူခြင်းကို အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် စာရင်းစစ်၊ စာရင်းကောက်များက ကွင်းဆင်းကောက်ယူခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် သန်းခေါင်စာရင်းကောက်ကွက်များမှ လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာအချက်အလက်(၆၈)ချက်တို့ကို စာရင်းစစ်၊ စာရင်းကောက်များက မေးမြန်းကောက်ယူလျက်ရှိသည်။ အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူကောက်ယူနေမှုများကို မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌဦးသန်းထွန်းအောင်နှင့် တိုက်နယ်အလိုက် ကြီးကြပ်အဖွဲ့ဝင် ဌာနဆိုင်ရာများကပူးပေါင်း၍ လိုအပ်သည်များအား ပေါင်းစပ်ဆောင်ရွက်လျက်ရှိသည်။
မင်းလှမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ(၁)ရက်နေ့မှ စတင်ကောက်ယူမှာဖြစ်ပြီး ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၆၃)အုပ်စုတွင် ကောက်ကွက်ပေါင်း(၃၁၁)ရှိပြီး စာရင်းစစ်(၂၅)ဦး၊ စာရင်းကောက်(၉၆)ဦးတို့က Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်းစနစ်တကျ စာရင်းကောက်ယူမည်ဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)