ကျွန်းလှ အောက်တိုဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စိုက်ပျိုးခဲ့သော မြေပဲ ၇၂၄၃ ဧကရိတ်သိမ်းပြီး ၃၁၅၁၄၃ တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ ဒီနှစ် ကျွန်းလှမြို့နယ်မှာ မိုးရာသီ ဆီထွက်သီးနှံစိုက်ပျိုးမှုအဖြစ် မြေ၊ နှမ်းနဲ့ နေကြာသီးနှံများ စိုက်ပျိုးခဲ့ပါတယ်။ မြေပဲကို မိုးရာသီနှင့် ဆောင်းရာသီမှာ အဓိကစိုက်ပျိုးကြပြီး တစ်နှစ်ထက် တစ်နှစ်တိုးချဲ့စိုက်ပျိုးလာကြပါတယ်။ အခုအခါ မြေပဲစိုက်ဧကအားလုံး ရိတ်သိမ်းပြီး တစ်ဧက ၄၃ ဒသမ ၅၁ တင်းထွက်ရှိပါတယ်။ ဆောင်းမြေပဲစိုက်ပျိုးကြဖို့ တောင်သူတွေပြင်ဆင်နေကြပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
မိုးမြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများက စိုက်နည်းစနစ်မှန်ကန်ရေး သင်တန်းများဖွင့်လှစ်ခြင်း၊ ကွင်းသရုပ်ပြများပြုလုပ်ခြင်း၊ ပိုးမွှားကျရောက်မှုကာကွယ်ရေးနှင့် ရိတ်သိမ်းချိန်လွန်နည်းပညာများ ကွင်းဆင်းအသိပညာပေးခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီ၌ မြေပဲစိုက်ပျိုးရန် ၇၂၂၃ ဧကလျာထားပြီး ၇၂၄၃ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ