ချောက် အောက်တိုဘာ ၃
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်တွင် အကောင်အထည်ဆောင်ရွက်မည့် ကားကြီးကွင်းတည်ဆောက်ခြင်းလုပ်ငန်း၊ ဆောက်လုပ်မည့် ဒီဇိုင်းတို့နှင့်ပတ်သက်၍ ချပြရှင်းလင်းခြင်းအခမ်းအနားကို ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်ကကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးသိန်းဌေးက ကားကြီးကွင်းတည်ဆောက်ခြင်းလုပ်ငန်း၊ ဆောက်လုပ်မည့်ဒီဇိုင်းနှင့်ပတ်သက်၍ ချပြ ရှင်းလင်းပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာမှူး ဒေါ်မြမြသင်းက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့နယ်မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိမ်းသိမ်းရေးကြီးကြပ်မှုကော်မတီ၊ လုပ်ငန်းကြီးကြပ်မှုကော်မတီများ၊ ကားကြီးကားလေးဂိတ် ကိုယ်စားလှယ်များ၊ပွဲရုံ လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)