ကြံခင်းမြို့နယ်၊ ကံရွာအခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တွင် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဆောင်ရွက်

ကြံခင်း အောက်တိုဘာ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ကံရွာကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တွင် အောက်တိုဘာလ (၁) ရက်နေ့နံနက်ပိုင်းက စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိ ပညာပေးလှုပ်ရှားမှုကွင်းဆင်းဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာသုံးရေးရာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် Book Club အဖွဲ့တို့ပူးပေါင်း၍ အဆိုပါကျောင်းရှိ စုဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကံရွာကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ငွေကအဖွင့်အမှာ စကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က လူငယ်စာပေအမွေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက ကျောင်းစျေးတန်းများနှင့် ပြင်ပဈေးဆိုင်းများတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စားသုံးရန်မသင့်သော အစားအစာများနှင့် ရရှိလာမည့်ဆိုးကျိုးများအကြောင်းအား အကျယ်တစ်ဝင့်ရှင်းလင်းပြောကြားပြီး၊ Book Club အဖွဲ့ဝင် စာရေးဆရာ ရာဇာငယ် (ကနောင်) က လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးသိန်းစိုးတို့က လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် အသီးသီးဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာမူလတန်း (တပ်ခုံ) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား မူးယစ်အန္တရာယ်လူ့ရန်စွယ်၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများပါဝင်သော မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းသိကောင်းစရာများ အသိပညာပေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)