အင်္ဂပူ အောက်တိုဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက အောက်တိုဘာလ (၁)ရက်နေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုများထံ ကွင်းဆင်းကောက်ယူလျက်ရှိသည်။
အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်ရာသို့မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာဌေးနှင့်အဖွဲ့များက အင်္ဂပူမြို့အမှတ်(၂)ရပ်ကွက်၊ ကွင်းကောက်(မြောက်) ကျေးရွာအုပ်စုနှင့်ထန်းပင်ကုန်းကျေးရွာအုပ်စုတို့တွင် စာရင်းစစ်၊ စာရင်းကောက်များက Mobile Tablet များဖြင့် တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး စာရင်းစစ်၊ စာရင်းကောက်ရာတွင် အဆင်ပြေစွာဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများပူးပေါင်းကာ အဖွဲ့များခွဲ၍ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
အင်္ဂပူမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၁၂)ရပ်ကွက်၊ ကျေးရွာအုပ်စု(၇၁)အုပ်စုရှိ နေထိုင်သူများအားလုံးကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ စာရင်းကောက်အဖွဲ့(၃၄)ဖွဲ့က စာရင်းကောက်ကွက်(၄၇၉)ကွက်ဖြင့် ရပ်ကွက်၊ကျေးရွာများအလိုက် ကွင်းဆင်းကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်သန်းခေါင်စာရင်းကော်မတီမှ သိရသည်။
မန်းကျော်(ပြန်/ဆက်)