မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး တောင်သူ စိုက်ပျိုးနည်းပညာပေးသင်တန်း ဖွင့်လှစ်သင်ကြား

မင်းဘူး အောက်တိုဘာ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသခံတောင်သူများသီးနှံများ စိုက်ပျိုးရာတွင် မျိုး၊ မြေ၊ ရေ စိုက်ပျိုးနည်းစနစ်တို့ကိုအခြေခံ၍ ဒေသတွင်း သီးနှံမျိုးစုံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိရေးအတွက် တောင်သူစိုက်ပျိုးနည်း ပညာပေးသင်တန်းကို ယမန်နေ့ နေ့လယ်ပိုင်းက ဥယျာဉ်ဇင်ကျေးရွာအုပ်စု၊ သိမ်ကုန်းနည်းပညာပြန့်ပွားရေးစင်တာဝင်းအတွင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ဦးစွာ အခမ်းအနားတွင် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက သင်တန်ဖွင့်အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီး စိုက်ပျိုး ရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းဇော်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်တို့က သင်တန်းသားများအတွက် သင်ခန်းစာပို့ချချက် မှတ်စုများနှင့် သင်ထောက်ကူ စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်ဖွင့်လှစ်သည့် တောင်သူစိုက်ပျိုးနည်းပညာပေး ရက်တိုသင်တန်းတွင် မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၃)အုပ်စုမှ ဆီထွက်သီးနှံ နေကြာစိုက် အကျိုးဆောင်တောင်သူ ၃၀ ဦး၊ ချည်မျှင်ရှည်ဝါသီးနှံ တိုးချဲ့စိုက် အကျိုးဆောင်တောင်သူ ၃၀ ဦး စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၆၀ ဦး တက်ရောက်ခဲ့ကြောင်း၊ အဆိုပါသင်တန်းတွင် ဒေသတွင်း စားသုံးဆီဖူလုံစေရန် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် သီးနှံသက်တမ်းအလိုက် လိုက်နာဆောင်ရွက်ရမည့် နည်းစနစ်များ၊ မြေဆီလွှာ ကျန်းမာသန်စွမ်းဖွံ့ဖြိုးတိုးတက်စေရန် သဘာဝမြေဩဇာများ ပြုလုပ်သုံးစွဲနည်းနှင့် ဓါတ်မြေဩဇာများ စနစ်တကျသုံးစွဲရေး၊ သီးနှံစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်များကို စနစ်တကျရွေးချယ်သုံး စွဲစိုက်ပျိုးရေး၊ အထွက်နှုန်းပိုမိုရရှိရေး၊ သီးနှံများ၏ အရည်အချင်းလက္ခဏာများ၊ သီးနှံများတွင် ကျရောက်တတ်သည့် ရောဂါပိုးမွှားများအကြောင်းနှင့် ရောဂါပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ်နှိမ်နင်းရေး ဆောင်ရွက်ရမည့်အချက်များ၊ သစ်စိမ်းမြေဩဇာကို ပြုလုပ်သုံးစွဲစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ပြီး သီးနှံအထွက်နှုန်းတိုးတက်ခြင်းနည်းပညာများ စသည့်အကြောင်းအရာများကို ကျွမ်းကျင်နည်းပြများက စာတွေ့၊ စိုက်ကွင်းလက်တွေ့ ဘာသာရပ်များဖြင့် နှစ်ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)