မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုခံယူ၊ မကွေးမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူနေမှုအား လိုက်လံကြည့်ရှုအားပေး

မကွေး   အောက်တိုဘာ     ၂

မကွေးတိုင်းဒေသကြီး၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူမှုအား ယမန်နေ့နံနက်ပိုင်းမှ စတင်၍ တစ်ပြိုင်တည်းကောက်ခံလျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီက တိုင်းဒေသကြီးသန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအတွင်းရေးမှူး ဦးမောင်မောင်ဆန်း ဦးဆောင်သောအဖွဲ့က တိုင်းဒေသကြီးအစိုးရအိမ်ယာဝန်းအတွင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ နေအိမ်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၏ နေအိမ်များတွင်  သန်းခေါင်စာရင်း ကောက်ယူခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ခရိုင်၊ မြို့နယ် သန်းခေါင်စာရင်း‌ကော်မတီနှင့် တာဝန်ရှိသူများလိုက်ပါကာ၊ မကွေးမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူနေမှုအား လိုက်လံကြည့်ရှု အားပေးသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် မကွေးမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ  သန်းခေါင်စာရင်း ကောက်ကွက်များတွင် စာရင်းကောက်သူများက လူဦးရေနှင့် အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာ ရရှိရေးအတွက် အိမ်ထောင်စုအသီးသီးတို့၏ လူဦးရေဆိုင်ရာ အချက်အလက်များ၊ အိမ်အကြောင်းအရာများ စနစ်တကျမေးမြန်းနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တစ်အိမ်တက်ဆင်းလိုက်လံ ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

မကွေးမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ရပ်ကွက်/ကျေးရွာအသီးသီးတို့၌ သန်းခေါင်စာရင်း ကောက်ကွက်ပေါင်း ၆၉၃ ကွက်အား စာရင်းစစ်၊ စာရင်းကောက် ၂၇၁ ဦးတို့မှ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ လိုက်လံ‌ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်ညီညာ