အင်္ဂပူ အောက်တိုဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ၊ ဦးတင်ဦးဘိုးဘွားရိပ်သာ၌ ယမန်နေ့နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် လှူဒါန်းငွေများအား တာဝန်ရှိသူများက သွားရောက်လှူဒါန်းခဲ့ကြသည်။
အဆိုပါပေးအပ်လှူဒါန်းခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုဦးစီးမှူး ဦးအာကာဟိန်းထက်နှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာဌေးနှင့်အဖွဲ့များက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေငါးသိန်းကျပ်နှင့် အဘိုး၊အဘွား(၁၀)ဦးအတွက် တစ်ဦးလျှင်(၂၀,၀၀၀)နှုန်းဖြင့် နှစ်သိန်းကျပ် စုစုပေါင်းထောက်ပံ့ ငွေခုနှစ်သိန်းကျပ်တို့အား ပေးအပ်ရာ ဦးတင်ဦးဘိုးဘွားရိပ်သာ ကော်မတီဥက္ကဋ္ဌ ဦးစိုးဝဏ္ဏနှင့် အဘိုး/အဘွားများက လက်ခံရယူခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် ကွင်းကောက်(မြောက်) ဒေသရှိ မြန်အောင်ခရိုင်အတွင်း အသက်ကြီးဆုံး အဘိုး ဦးမောင်ကျင်(၁၀၄)နှစ်အတွက်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းငွေကျပ်(တစ်သိန်း)အား အိမ်တိုင်ယာရောက် ကွင်းဆင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ကမ္ဘာ့တစ်ဝန်း သက်ကြီးရွယ်အိုများ ရင်ဆိုင်ကြုံတွေ့နေရသည့် ဆင်းရဲပင်ပန်းမှု၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုရေးအထီးကျန်ဆန်မှုတို့ကို လူ့အဖွဲ့အစည်းအား သိရှိလှုံ့ဆော်ပေးရန်ဟူသော ရည်ရွယ်ချက်များဖြင့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၌ ကျင်းပလျက်ရှိရာ အဆိုပါအပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ်အဖြစ် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အင်္ဂပူမြို့နယ်အတွင်းရှိ ဦးတင်ဦးဘိုးဘွားရိပ်သာနှင့် ဘိုးဘွားရိပ်သာရှိအဘိုးအဘွားများ၊ မြန်အောင်ခရိုင်အတွင်းရှိ အသက်ကြီးဆုံးအဘိုးအားတို့အား စုစုပေါင်း ကျပ်(၈)သိန်း ထောက်ပံ့ပေးအပ်လှူခဲ့ကြောင်းသိရသည်။
မန်းကျော်(ပြန်/ဆက်)