တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်ကြည့်ရှုအားပေး

ထားဝယ်     အောက်တိုဘာ  ၂

ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေများလေ့လာဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိသောအသိပညာဗဟုသုတများကို ပြန်လည်အသုံးချ မျှဝေပေးနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင် သန်စွမ်းစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးထွန်း၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်တို့က ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ထို့နောက် ကျောင်းသား/သူများက “တနင်္သာရီပုလဲဧကရီ” သီချင်းဖြင့် ကပြဖျော်ဖြေမှု၊ ရမ္မဇူကိုယ်ပိုင်ကျောင်းမှထားဝယ်ရိုးရာ ယမ်းအက၊ ကဗျာလွတ်အက၊ ဘင်ခရာနှင့် ပန်းပွားအကများ၏ သီဆိုကပြဖျော်ဖြေနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုငွေများကိုအဖွဲ့အလိုက် ချီးမြှင့်ပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ခင်းကျင်းပြသထားသည့် လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံများ၊ စကားရည်လုပြိုင်ပွဲ၊ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲများ၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲအနေဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ သတ်ပုံအမှန်ရွေးပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ အားကစားအနေဖြင့် ခါးကွင်းလှည့်ကစားနည်း၊ ခွက်နင်းကစားနည်းများနှင့် စာအုပ်များရောင်းချနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပါဝင်ယှဉ်ပြိုင်သော ကျောင်းသား/သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်ခဲ့သည်။

ယနေ့ကျင်းပသည့်ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ အခြေခံပညာအထက်တန်းကျောင်းအမှတ်(၅)မှ ကျောင်းသား/သူများနှင့် အမှတ်(၃)ကျောင်းများမှ လာရောက်လေ့လာသူများနှင့် ရမ္မဇူကိုယ်ပိုင်အထက်တန်း ကျောင်းမှကျောင်းသား/သူများ၊ Edu Park ကိုယ်ပိုင်အထက်တန်းကျောင်းမှ လေ့လာသူ (၈၀)ဦး၊ စုစုပေါင်း (၁၂၈၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ပွဲတော်တွင် ခင်းကျင်းပြသထားသည့် ဓာတ်ပုံပြဘုတ်များနှင့် စာအုပ်ပြပွဲကို စိတ်ပါဝင် စားစွာကြည့်ရှုလေ့လာခဲ့ကြကာ ပြိုင်ပွဲများတွင် ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွဲကြသည့် ပြိုင်ပွဲဝင်များနှင့် ဆုရရှိသူများကို အောက်တိုဘာ ၃ ရက်နေ့တွင် ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)