တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း တစ်အိမ်တက်ဆင်းကောက်ယူနေမှုအား လှည့်လည်ကြည့်ရှုအားပေး

ထားဝယ်    အောက်တိုဘာ ၂

နိုင်ငံတစ်ဝန်း၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းများကို အိမ်တိုင်ရာရောက်ကောက်ယူလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်အောင်မျိုးထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ရပ်ကွက်အလိုက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ကောက်ယူနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးဆောင်၍ ဆက်စပ်အဖွဲ့အစည်းများနှင့် စာရင်းစစ်/စာရင်းကောက်များက သန်းခေါင်စာရင်းတွင် အသုံးပြုသည့်မေးခွန်း (၆၈)ခု၊ အိမ်ထောင်စု မေးခွန်းနှင့်မေးခွန်း(၁၈)ခုပါဝင်သည့် အဖွဲ့အစည်းမေးခွန်းများအား Tablet များ အသုံးပြု၍ ကောက်ယူရာ ဒေသခံပြည်သူများက စိတ်ပါဝင်စားစွာဖြင့် ပြည့်ပြည့်စုံစုံဖြေကြားခဲ့ကြသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုနှင့်အဖွဲ့ဝင်များသည် ရပ်ကွက်နေဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး တာဝန်ရှိသူများက စာရင်းစစ်/စာရင်းကောက်များနှင့် အဖွဲ့အစည်းများအား အာဟာရဖြည့် မုန့်နှင့်ရေသန့်ဘူးများ ဝေငှပေးသည်။

နိုင်ငံတော်၏လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာကိန်းဂဏန်း အချက်အလက်များကို ရရှိစေရန် ရည်ရွယ်၍ ကောက်ယူခဲ့ခြင်းဖြစ်ပြီး စာရင်းကောက်ယူသူများက နံနက် ၇ နာရီ မှ ညနေ ၆ နာရီအတွင်း နေအိမ်များသို့ လာရောက်စာရင်း ကောက်ယူမည်ဖြစ်ကာ စာရင်းကောက်ယူမည့်နေ့ကို ကြိုတင်အကြောင်းကြားမည်ဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း စာရင်းကောက်ကွက်ပေါင်း (၂၆၈၃) ကွက်ကို Tablet များ အသုံးပြု၍  အောက်တိုဘာ ၁၅ ရက်နေ့အထိ ရပ်ကွက်အလိုက်ပြည်သူလူထုများအား ကောက်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)