ဖျာပုံမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူရာသို့ သွားရောက်ကြည့်ရှုအားပေး

ဖျာပုံ အောက်တိုဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းသည် နိုင်ငံတော်၏ စီမံကိန်းများ အောင်မြင်စေမည့် အခြေခံကျသော လုပ်ငန်းစဥ်ဖြစ်ရာ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့ညသန်းခေါင်ယံမှစတင်၍  မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများတွင် စတင်ကောက်ယူလျက်ရှိကြောင်း  သိရသည်။

အဆိုပါ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူရာသို့ ဖျာပုံခရိုင် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်း၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ကျော်မင်းယုနှင့်အဖွဲ့ဝင်များ၊ ဖျာပုံခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဦးနှင့်အဖွဲ့ဝင်များ၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှခရိုင်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူးဦးသန့်ဇင်၊လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်းစာရင်း စတင်ကောက်ယူရာသို့ သွားရောက်ကြည့်ရှုပြီး သန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်း အချက်အလက်များ မှန်ကန်တိကျမှုရှိစေရေး၊သတ်မှတ်ရက်အတွင်း ရာနှုန်းပြည့်ပြီးစီးအောင် ကြိုးစားကောက်ယူကြရန်နှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

ဖျာပုံမြို့နယ်အနေဖြင့် မြို့ပေါ် ရပ်ကွက် (၂၃) ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၂) အုပ်စုရှိ နေထိုင်သူများအားလုံးကို (၂၀၂၄)ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့မှ ညဥ့်သန်းခေါင်ယံ ရည်ညွှန်းချိန်မှစတင်၍ စာရင်းကောက်အဖွဲ့ (၄၃)ဖွဲ့မှ မြို့နယ်အတွင်းရှိ အိမ်ထောင်စု ကောက်ကွက်(၅၂၉)ကွက်နှင့်အဖွဲ့အစည်းကောက်ကွက် (၄)ကွက် စုစုပေါင်း စာရင်းကောက်ကွက် (၅၃၃)ကွက်အား စာရင်းကောက်အဖွဲ့များမှရပ်ကွက်၊ ကျေးရွာများအလိုက် Mobile Tabletဖြင့် (၁.၁၀.၂၀၂၄)မှ (၁၅.၁၀.၂၀၂၄) ရက်နေ့အထိ ကွင်းဆင်းကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီထံမှ သိရသည်။

အောင်ဝင်းနိုင် (ဖျာပုံခရိုင်ပြန်/ဆက်)