ဘားအံ အောက်တိုဘာ ၂
ကရင်ပြည်နယ်အတွင်း နှစ်ကြိမ်တိုင်တိုင်ရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးပြီးမိုးစပါးများ ရေကြီးနစ်မြုပ်ခဲ့ပြီး ပထမအကြိမ်ရေကြီးရေလျှံမှုဖြစ်စဉ်တွင် မိုးစပါး(၁၃၁၄၆)ဧက ပျက်စီးခဲ့သော်လည်းအချိန်မီ ပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ခဲ့ကာ ဒုတိယအကြိမ် ရေကြီးရေလျှံမှုတွင် မိုးစပါး ၃၁၂၉၆ ဧကထိခိုက်၍ ၁၄၄၆၁ ဧက ထပ်မံပျက်စီးခဲ့ရသည့်အတွက် အချိန်မီပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရေး တွန်းအားပေးစည်းရုံးဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၂ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ထိခိုက်ပျက်စီးမိုးစပါးဧကများ ပြန်လည်ထွန်ယက်စိုက်ပျိုးနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ရဲသာကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၁၈၇၊ ကမော့ကစင်အနောက်ကွင်းရှိ ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများအား ပြန်လည်ထွန်ယက်စိုက်ပျိုးနေမှု၊ နောင်ခရိုင်ကျေးရွာ၊ နောင်ခရိုင်ကွင်းရှိ ပျက်စီးလယ်မြေများ ပြန်လည်ထွန်ယက်နေမှုတို့ကို သွားရောက်ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက ထိခိုက်ပျက်စီးမိုးစပါးစိုက်ဧကများ အထွက်နှုန်းလျော့နည်းမှုမရှိစေရေးနှင့် အချိန်မီပြန်လည်ထွန်ယက်စိုက်ပျိုးနေမှုများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြည်နယ်အတွင်းဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းပိုမို ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ခရီးစဉ်ဒေသများဖြစ်သော နောင်ခရိုင်ရေဂူနှင့် ပဒုမ္မာဂူခရီးစဉ်ဒေသတို့အား သွားရောက်ကြည့်ရှုစစ်ဆေးရာ ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြပြီး ခရီးစဉ်ဒေသများအလိုက် လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ခရီးစဉ်ဒေသသန့်ရှင်းသာယာလှပရေး၊ တစ်ကြိမ်တစ်ခါ လာရောက်လည်ပတ်ပြီးပါက နောက်ထပ်တစ်ဖန် ထပ်မံလာရောက်လည်ပတ်ချင်စိတ်ရှိအောင် ဆွဲဆောင်နိုင်ရေး၊ ယာဉ်ရပ်နားရာနေရာများ၊ သန့်စင်ခန်းများလုံလောက်မှု ရှိစေရေးမှာကြားကာ ခရီးစဉ်ဒေသ၏လိုအပ်ချက်များအား ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ဒုံသို့ကျေးရွာ၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်နေကြသော စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက တစ်အိမ်တက်ဆင်း သန်းခေါင်စာရင်းဆိုင်ရာမေးခွန်းများ မေးမြန်းစာရင်းကောက်ယူနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)