ပုသိမ်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

ပုသိမ် အောက်တိုဘာ ၂

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင် စာရင်းကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့နံနက် (၇) နာရီအချိန်မှစတင်၍ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက တာဝန်ကျကောက်ကွက်များအလိုက် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခဲ့ကြသည်။

လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်‌ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ အထောက်အကူပြုအဖွဲ့များက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး စာရင်းစစ်၊ စာရင်းကောက်သင်တန်းသားများက Mobile Tablet များဖြင့် တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူလျက်ရှိကြသည်။

ပုသိမ်မြို့နယ်တွင် ကောက်ကွက်ပေါင်း (၇၈၉) ကွက်ရှိပြီး စာရင်းကောက်အဖွဲ့ပေါင်း (၅၆) ဖွဲ့နှင့် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း (၃၀၇) ဦးတို့က ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှစတင်၍ ၁၅ ရက်နေ့အထိ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်းများအား မြေပြင်ကွင်းဆင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ် (ပြန်/ဆက်)