တနင်္သာရီမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုပညာ အမျိုးသမီးအဆင့်မြင့် အပ်ချုပ်စက် ၂ လသင်တန်းဖွင့်လှစ်

တနင်္သာရီ အောက်တိုဘာ ၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ်၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုပညာ (အမျိုးသမီးအဆင့်မြင့်အပ်ချုပ်စက်) (၂)လ သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာရရှိနိုင်စေရန်၊ အမျိုးသမီးများ စွမ်းဆောင်ရည်နှင့်လူမှုဘဝဖွံ့ဖြိုးတိုးတက်စေသော တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန်၊ အိမ်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်နှင့် အသေးစား၊အငယ်စား၊အလတ် စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

ပထမဦးစွာ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်နိုင်ဝင်းက သင်တန်းအဖွင့်အမှာစကားပြောကြားပေးပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး (ကိုယ်စား) ဦးဘိုနိုင် (အငယ်တန်းအင်ဂျင်နီယာ-၂)က အဆင်မြင့်သင်တန်း ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြပေးသည်။

ထို့နောက် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အခမ်းအနားသို့ တက်ရောက်လာသူများက အဆင့်မြင့် အပ်ချုပ်စက်သင်တန်းအတွက် ပြင်ဆင်ထားသည့်သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့် ရှုကြပြီး လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေး၍ စုပေါင်းအမှတတရ ဓါတ်ပုံရိုက်ကြကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု-သိန်ခွန်းကျေးရွာမှ ဒေသခံအမျိုး သမီးသင်တန်းသူ ၁၅ ဦးတက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ(၁-၁၀-၂၀၂၄ မှ ၃၀-၁၁-၂၀၂၄) နေ့ အထိ (၂)လဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

သင်တန်းကာအတွင်း ခေတ်ပေါ်ပုံဆန်းအမျိုးမျိုး၊ ရင်စေ့ ရင်ဖုံး၊ ပခုံးပျောက်နှင့် အမျိုးသားဝတ်အဖြစ် ဟာဝေယံရှပ်ကော်လံလက်တိုနှင့်လည်ကတုံးလက်ရှည်အင်္ကျီ ချုပ်နည်းများကို အဆင်မြင့်လက်မနည်းဖြင့် ကိုယ်တိုင်ဆိုင်ဖွင့်နိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်အောင် လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သင်တန်းပြဆရာမ ဒေါ်ဇာဇာနှင်း၏ပြောပြချက်အရ သိရသည်။

၎င်းအဆင့်မြင့်အပ်ချုပ်စက်(၂)လသင်တန်းဖွင့်ပွဲသို့ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်နိုင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့-အဖွဲ့ဝင်(၁)ဗိုလ်မှူးကျော်ဟန်စိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်ဌေး၊ မိတ်ဘက်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဒေါ်ဇာဇာနှင်းနှင့် အဆင်မြင့်စက်ချုပ်သင်တန်းသူ ၁၅ ဦးတို့ တက်ရောက်ခဲ့ကြသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)