ဘားအံ အောက်တိုဘာ ၂
ကရင်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ ၁ ရက်နေ့မှစ၍ တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ကွင်းဆင်းစာရင်း ကောက်ယူနေကြပြီဖြစ်ရာ ယမန်နေ့နံနက် ၇ နာရီခွဲက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဝန်ကြီးများ အိမ်ရာဝင်းအတွင်းရှိ ပြည်နယ်ဝန်ကြီးချုပ်၏ နေအိမ်မှစတင်၍ စာရင်းကောက်အဖွဲ့များက သန်းခေါင်စာရင်းကို စတင်ကောက်ယူကြသည်။
စာရင်းကောက်အဖွဲ့များက ပြည်နယ်ဝန်ကြီးချုပ်နှင့်မိသားစုဝင်များအား လူဦးရေနှင့်အိမ်အကြောင်းအရာ ဆိုင်ရာမေးခွန်းများမေးမြန်းခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်မိသားစုဝင်များက မေးခွန်းများကို ပြန်လည်ဖြေကြားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၆) ပြည်ထောင်စု ရပ်ကွက်၊ အမှတ်(၉)ဇွဲကပင်ကုန်းရပ်ကွက်၊ အမှတ်(၅)ဇွဲမာန်လွင်ရပ်ကွက်တို့တွင် စာရင်းစစ်၊ စာရင်း ကောက်အဖွဲ့များက တစ်အိမ်တက်ဆင်း မေခွန်းများမေးမြန်းကွင်းဆင်းစာရင်းကောက်ယူနေမှုများကို လိုက်လံကြည့်ရှုအားပေးရာ သက်ဆိုင်ရာရပ်ကွက်များအလိုက်တာဝန်ရှိသူများက မိမိတို့ရပ်ကွက်ရှိ ကောက်ကွက်များအလိုက် စာရင်းစစ်၊ စာရင်းကောက်များက ကွင်းဆင်းစာရင်း ကောက်ယူနေမှု၊ ပြည်သူများနားလည်သဘောပေါက်မှုနှင့်ပူးပေါင်းဆောင်ရွက်မှု၊ ဟန့်တားနှောင့်ယှက်မှုများ မဖြစ်ပေါ်စေရေးနှင့် စာရင်းကောက်လုပ်ငန်းများအောင်မြင်ရေးအတွက် လုံခြုံရေး လိုက်ပါဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့် ဆည်းဆောင်ရွက်ပေးပြီး ကွင်းဆင်းစာရင်းကောက်ယူနေမှုများအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အလားတူ ကရင်ပြည်နယ်အတွင်း ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ထိ တစ်နှစ်အတွင်း အမှုကြီးဖြစ်ပွားမှု၊ အခြားအမှုဖြစ်ပွားမှုနှင့် ကြိုတင်ကာကွယ်မှု စုစုပေါင်း ၇၄၆ မှု၊ မူးယစ်ဆေးဝါးမှု ၁၆၄ မှုတို့တွင် ပြစ်မှုကျူးလွန်သူ ၆၃၃ ဦးအား ဖမ်းဆီးအရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် နှစ်(၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားမှ သိရသည်။
အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်ရဲတပ်ဖွဲ့၏ တစ်နှစ်တာအတွင်း မှုခင်းများဖော်ထုတ်အရေးယူနိုင်မှု၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးပိုမိုဆောင်ရွက်နိုင်မှု၊ ပညာပေး၊ စည်းရုံးဆောင်ရွက်နေမှုများသည် ယခင်နှစ်များထက်ပိုမိုပြီး ပြည်သူကိုဝန်ဆောင်မှုပေးနိုင်ခဲ့သည်ကိုတွေ့ရှိရပါကြောင်း အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ရဲတပ်ဖွဲ့ ခေတ္တပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီးဉာဏ်ဝင်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲချုပ်၏သဝဏ်လွှာကို ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ထူးချွန်ဆုရရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ တက်ရောက်လာသူများနှင့်အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် Video Clip ကို အတူတကွကြည့်ရှုခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသော ပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ၊ ရဲတပ်ဖွဲ့၏လုပ်ငန်း ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)