ကံမ အောက်တိုဘာ ၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ မိုးရာသီစိုက်ပျိုးထုတ်လုပ်လုပ်မှု အဆင်ပြေစေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၂) အုပ်စုမှ ဘဏ်အဖွဲ့ဝင်တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နံနက် (၁၀) နာရီက အင်းဘဲကျေးရွာအုပ်စုမှ တောင်သူ (၁၄၇) ဦးတို့၏ မိုးစပါးစိုက်ဧက (၄၆၃) ဧကနှင့်နှမ်း စိုက်ဧက (၇) ဧကတို့အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးပြီး မြို့နယ်မန်နေဂျာ ဒေါ်မေလပ်ဝင်းက ဘဏ်အဖွဲ့ဝင်တောင်သူများ လိုက်နာရမည့်စည်းကမ်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ထိုသို့ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးရာတွင် မိုးစပါးစိုက်ပျိုးမြေ တစ်ဧကလျှင် ငွေကျပ်တစ်သိန်းငါးသောင်းကျပ်နှုန်း မြေပဲ၊ နှမ်း အစရှိသည့် အခြားသီးနှံစိုက်ဧက တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ယနေ့အထိ ကျေးရွာအုပ်စု (၅၀) အုပ်စုမှ တောင်သူ (၅၇၇၃) ဦး၏ မိုးစပါးစိုက်ဧက (၁၅၅၃၆) ဧက၊ နှမ်းစိုက်ဧက (၁၂၁၂) ဧကနှင့် ပဲတီစိမ်း စိုက်ဧက (၄၂၈) ဧကတို့အတွက် စုစုပေါင်းငွေကျပ်သိန်းပေါင်း (၂၄၉၄၄) သိန်းအား ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)