မြဝတီမြို့၌  ၂၀၂၄ ခုနှစ်၊  လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက်

မြဝတီ အောက်တိုဘာ ၂

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို စာရင်းစစ်၊စာရင်းကောက်အဖွဲ့များက ယမန်နေ့နံနက် ၇ နာရီမှ စတင်ကာ ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက် တစ်အိမ်တက်ဆင်းစနစ်ဖြင့်  စာရင်းကောက်ယူပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် တိကျမှန်ကန်မှုရှိစေရေးအတွက် မြဝတီခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ  ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးကျော်ကျော်သန်း၊ မြို့နယ်သန်းခေါင် စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးတင်အောင်ဝင်းတို့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ခရိုင်နှင့်မြို့နယ်အဆင့်ကြီးကြပ်မှုကော်မတီဝင်များ၊  စာရင်းစစ်၊ စာရင်းကောက်ဆရာ/ဆရာများ၊ နယ်မြေခံလုံခြုံရေးတပ်ရင်း၊ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများပူးပေါင်းအဖွဲ့တို့သည် တစ်အိမ်တက်ဆင်းစနစ်ဖြင့် Mobile Tablet များ အသုံးပြု၍ မေးခွန်းများ မေးမြန်းခြင်းကို အဖွဲ့များခွဲပြီး စုပေါင်းဆောင်ရွက်ကြသည်။

မြဝတီမြို့နယ်အနေဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို မြို့ပေါ်ရပ်ကွက်ကိုးခုနှင့် ကျေးရွာအုပ်စုငါးအုပ်စု၊ ကောက်ကွက်ပေါင်း၁၅၈ကွက်တို့၌ အိမ်ထောင်စု ၂၇၄၁၁ စုတို့အား စာရင်းစစ် ၂၀ ဦးနှင့် စာရင်းကောက် ၅၇ ဦးတို့က အောက်တိုဘာ ၁ ရက်နေ့မှ စတင်ကာ ၁၅ ရက်နေ့အထိ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)