တမူးမြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ စတင်ကောက်ယူ

တမူး အောက်တိုဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့တွင် ခရိုင်နှင့်မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များသည် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်ကောက်ယူလျက်ရှိကြောင်း သိရသည်။

သန်းခေါင်းစာရင်းများကောက်ယူရာတွင် လူဦးရေနှင့်အိမ်အကြောင်းအရာများ တိကျမှန်ကန်မှုရှိစေရေးအတွက် စာရင်းစစ်၊ စာရင်းကောက်များက သန်းခေါင်စာရင်းပါ အချက်အလက်များကို ဘာသာရပ်တစ်ခုချင်းစီအလိုက်ဆွေးနွေးမှုများ၊ Tablet အသုံးပြု၍ လက်တွေ့ကောက်ယူမှု၊ CAPI ဖြင့် လက်တွေ့ကွင်းဆင်း ကောက်ယူဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ သန်းခေါင်းစာရင်းကောက်ယူ‌ရေးလုပ်ငန်းများ အဆင်ပြေစွာဆောင်ရွက်နိုင်ရေးအတွက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)မှ ဒုတိယဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ညီညီတင်၊ တမူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး အောင်ခိုင်မိုး၊ ခရိုင်နှင့်မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အနီးကပ်ကြီးကြပ်၍ လိုအပ်သည်များ စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရတနာ