ချောက် အောက်တိုဘာ ၂
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာလ(၁)ရက်နေ့မှစတင်ပြီး ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် တစ်အိမ်တက်ဆင်းမြေပြင်ကွင်းဆင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စာရင်းကောက်ယူရေးအဖွဲ့များ၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့်ပူးပေါင်းအဖွဲ့များက ယမန်နေ့နံနက်ပိုင်းမှစတင်ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ကွင်းဆင်းကောက်ယူဆောင်ရွက်လျက်ရှိပြီး အဆိုပါဆောင်ရွက်နေမှုများကို ချောက်ခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်နိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းမာသိန်းနှင့် ခရိုင်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ချောက်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာလ (၁)ရက်မှ (၁၅)ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ပြီး ချောက်မြို့နယ်ရပ်ကွက် (၂၀)ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း (၅၁)အုပ်စု၊ ကျေးရွာပေါင်း (၂၂၆)မှ စာရင်းကောက်ကွက် စုစုပေါင်း (၃၂၄)ကွက်တွင် စာရင်းစစ်၊ စာရင်းကောက် (၁၃၂)ဦးနှင့်ပူးပေါင်းအဖွဲ့များက ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် စာရင်းကောက်ယူရေးလုပ်ငန်းများကို တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။
ကျော်မိုး(ပြန်/ဆက်)